ထားဝယ်မြို့လယ်ခေါင် သေနတ်ပစ် လူဆိုးဖမ်းပွဲ

0
1319

ကျည်ဖူးသည် အရှည်လက်မဝက်ခန့်ရှိသည်။ လူဆိုးဖမ်းရင်းအသက်ပေးလိုက်ရသည့် ရဲတပ်သား၏ အသက်မဲ့ ခန္ဓာကိုယ်ထဲမှ ခက်ခက်ခဲခဲရှာလိုက်ရသည့် သွေးစွန်းနေသည့် ကျည်ဖူးကိုရဲတပ်ဖွဲ့ တာဝန်ရှိသူနှင့် ထားဝယ် ဆေးရုံတာဝန်ရှိသူများဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။

ထိုကျည်ဖူးသည် တပ်သားထွန်းယိန်း၏ အသက်ကို နှုတ်ယူသွားခဲ့သည်။

ကျည်ပိုင်ရှင်မှာမူးယစ်ဆေးဝါးအမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် လွန်ခဲ့သည့် ၄ လခန့်က တရားခံပြေးဖြစ်နေသည့် သီဟနိုင်။

အပူရှိန် မာန်မကျသေးသည့် ညနေ ၅ နာရီဝန်းကျင်အချိန်တွင် ယင်းကျည်ပိုင်ရှင်သည်ပင် ထားဝယ်မြို့လယ် ဆေးရုံလမ်းတစ်လျှောက် လူထုအားသွေးပျက်စေခဲ့သည်။

အခင်းဖြစ်စဉ်ပြ မြေပုံ။ Infographic - Dawei Watch
အခင်းဖြစ်စဉ်ပြ မြေပုံ။ Infographic – Dawei Watch

ဆေးရုံလမ်းသွေးစွန်းခဲ့သည်။ မေလ ၁၄ ရက်နေ့ ညနေခင်းလူဆိုးဖမ်းပွဲသည် ထားဝယ်မြို့သမိုင်းတွင် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ပထမဆုံးသေနတ် သံပြန်ကြားစေခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းကလည်း ယခုအခင်းဖြစ်ပွားရာအနီး ဥတ္တံတားကြီး လမ်းဆုံတွင် စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုဖြစ်ပွားခဲ့သည်။

“သေနတ်ပစ်တယ်လို့ကို မထင်ဘူး၊ တစ်ခါမှ မကြားဖူးတော့ ဝါးလုံးကိုခွဲတဲ့အသံလိုပဲ” ဟုသေနတ် ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာအနီးမှ အသက်၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက အံ့ဩထိတ်လန့်စွာပြောသည်။

အသံကြား၍ အိမ်ရှေ့ထွက်ကြည့်လိုက်ချိန်တွင် အရပ်ဝတ်ဖြင့် လူတစ်ဦးမှာသွေးများပေကျံလျက် လဲကျနေပြီးနောက်လူတစ်ဦးကပြေးသွားကာလဲကျနေသည့် သူကိုထွေးပွေ့နေသည်ကိုသူမြင်လိုက်သည်။

သွေးများဖြင့် လဲနေသူမှာတပ်သားထွန်းယိန်း။

နံပါတ်တုတ်ကိုင်ထားသောထွန်းယိန်းအနီး အခြားရဲတပ်ဖွဲ့ဝင်တွင် ကိုးလုံးထိုးသေနတ်ပါသော်လည်းမပစ်ခဲ့။

(ကျည်ဖြာထွက်ကာဘေးမှ လူထုကိုထိမည်စိုးသဖြင့် ထိုရဲတပ်ဖွဲ့ဝင်မှာ မပစ်ခဲ့ခြင်းဖြစ်ကြောင်းရဲအရာရှိတစ်ဦးကနောက်ပိုင်းတွင် ပြန်ရှင်းပြသည်)

ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ သုခလမ်းပေါ်ရှိနေအိမ်တစ်ခုတွင် တရားခံပြေးသီဟနိုင်ရှိနေသည်ဟုသတင်းရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များအစုအဖွဲ့ ၃ ခုခွဲကာပိတ်ဆို့ ဖမ်းဆီးခဲ့သည်။ နှစ်စုကဝင်ဖမ်းပြီးရဲမှူးခေါင်းဆောင်သော တစ်စုက ပြင်ပမှ ကွက်ကဲသည်။

wy_crime_in_dawei
တပ်သား ထွန်းယိန်း သေနတ်ပစ်ခံရသော ဆေးရုံလမ်းပေါ်တွင် သဲများဖြင့် ဖုံးအုပ်ထားစဉ်။ ဓာတ်ပုံ – အောင်သူ/Dawei Watch

ယင်းသို့ ဝင်ဖမ်းစဉ် တရားခံပြေးသီဟနိုင်က ပစ္စတိုသေနတ်တစ်လက်ကိုင်ပြီးအိမ်နောက်မှ ထွက်ပြေး၍ အိမ်နောက်ဘက်တွင် အသင့်ရှိနေသည့် အဖွဲ့မှ ဆက်လိုက်ကြသည်။ ဆေးရုံလမ်းပေါ် အရောက်တွင် သီဟနိုင်မှ သေနတ်ဖြင့် ၃ ချက် ပြန်လည် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ထွန်းယိန်းအား ထိမှန်ခဲ့သည်ဟုမှုခင်းမှတ်တမ်းတွင် ဖော်ပြသည်။

“ထိသွားပြီဆိုတာနဲ့ ပြေးထူလိုက်ပြီး ကြည့်လိုက်တော့ လက်မောင်းမှာပဲထိထားတာမြင်လို့ သူငယ်ချင်းမင်းဘာမှမဖြစ်ဘူး လက်မောင်းလေးပဲထိတာလို့ အားပေးလိုက်သေးတယ်၊ ဒါပေမယ့် သူကတော့ အဲဒီအချိန်ကတည်းကတဂစ်ဂစ်နဲ့ဖြစ်နေပြီ”  ဟုသေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှင့် တရားခံပြေးအားလိုက်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်က ကြိတ်မနိုင်ခဲမရပြောသည်။

ရင်ခွဲရုံတွင် ကျည်ရှာတွေ့အပြီးဆရာဝန်၏ မှတ်ချက်မှာလက်မောင်းရင်းကိုထိမှန်ပြီးအဆုတ်ကိုဖောက်ကာခါးရိုးတွင် ဝင်စိုက်နေသည်။

ဆေးရုံလမ်းပေါ်ရှိသွေးကွက်များကိုအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကသဲဖြင့် လိုက်ဖုံးနေသည်။

အခင်းဖြစ်ခဲ့သည်မှာမိနစ်ပိုင်းသာ ကြာသေးသည်။

အော်သံများဖြင့် သွေးပျက်ဖွယ် အခင်းဖြစ်ချိန်တွင် လမ်းတစ်လျှောက် ပြည်သူများလမ်းမပေါ် မထွက်ရဲကြ။ အခင်းဖြစ်ပြီးစတွင်မူအံ့ဩတုန်လှုပ်မှုများဖြင့် တီးတိုးပြောဆိုနေကြသည့် လူတွေကဆေးရုံလမ်းတစ်လမ်းလုံး ဟိုတစ်စုသည်တစ်စု။

မျက်မြင်များ၏  ပြောပြချက်အရအခင်းဖြစ်စဉ်မှာေ ဟာလီးဝုတ် ရုပ်ရှင်ဇာတ်ကားများထဲမှ လူဆိုးဖမ်းပွဲအတိုင်းပင်။

သီဟနိုင်ကသေနတ်ကိုင် ပြေးနေပြီးနောက်မှ ရဲတပ်ဖွဲ့ဝင်များကလိုက်နေသည်။

သီဟနိုင်နောက်သို့ လိုက်လာသည့် ရဲများတွင် အရပ်ဝတ်ဖြင့်များပြီးယူနီဖောင်းဝတ်ထားသူ အနည်းငယ်သာရှိသည်ဟု လမ်းတစ်လျှောက် လိုက်ပါခဲ့သည့် မျက်မြင် အမျိုးသားတစ်ဦးကပြောသည်။

5_apartures
တရားခံ ၀င်ဖမ်းရာ ငါးခန်းတွဲ တိုက်ခန်း၊ ဓာတ်ပုံ – ကိုဇော်/Dawei Watch

 

“အရှေ့က သေနတ်ကိုင်ထားတဲ့သူကဟိန္ဒူဘုရားကျောင်းရှေ့လမ်းဘက်မှာရှိတဲ့ မြို့နယ်ရဲမှူးကိုသေနတ်နဲ့ ချိန်ပြီးလှမ်းပစ် တယ်။ တော်သေးတယ်။ ကျည်မထွက်လို့။ မဟုတ်ရင် မလွယ်ဘူး”ဟုအဆိုပါ အမျိုးသားကပြောသည်။

ယင်းသို့ သေနတ်ကိုဝှေ့ယမ်းပြီးပြေးနေစဉ်တွင် တခါတရံတွင် သူ့နားထင်သူချိန်ပြီးပစ်သည်။

“တစ်ချက် တစ်ချက် သူ့နားထင်ကိုချိန်ပြီးပစ်တယ်။ ကျည်ကမထွက်ဘူး။ သူ့နားထင်ကိုသူပစ်လိုက်၊ ကျည်မထွက်ရင် သေနတ်ကိုနောက်ပြန်ဝှေ့ယမ်းလိုက်နဲ့ သွားနေတာ။ သေနတ် နောက်ပြန် ရမ်းတာကသူ့နားကိုရဲတွေ မကပ်အောင်လေ”ဟုအဆိုပါ မျက်မြင် အမျိုးသားတစ်ဦးကပြောသည်။

ဆေးရုံလမ်းတလျှောက် ယင်းသို့ ပြေးသူပြေး၊ လိုက်သူလိုက် လာခဲ့ပြီးအုန်းတောလမ်းဆုံအရောက်တွင် ပခုက္ကူကျောင်းရှိသည့် ရွှေတောင်စားလမ်းဖက် ညာချိုးပြီးပြေးရာ ပခုက္ကူကျောင်းမုခ်ဦးအနီးအရောက်တွင် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် ဒုရဲအုပ် ထွန်းလင်းကဆိုင်ကယ်ဖြင့်  တိုက်ပြီးလုံးထွေးဖမ်းဆီးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

“အဲဒီမှာသူကသူ့ကိုလာလုံးတဲ့ ဒုရဲအုပ်ကိုသေနတ်နဲ့အနီးကပ်ပစ်သေးတယ်။ ကျည်မထွက်လို့ တော်သေးတာပေါ့။ အဲဒီမှာဖမ်းမိသွားရော”ဟုအထက်ပါ မျက်မြင် အမျိုးသားကပြောသည်။

အသက် ၂၃ နှစ်အရွယ် သီဟနိုင်အားဖမ်းမိချိန်တွင် M 32 – ပစ္စတိုသေနတ်၊ကျည် ၂ လုံးနှင့် အတူ။

ဖမ်းမိသည့် သီဟနိုင် နေထိုင်သည့် အိမ်သို့ သွားရောက်ရှာဖွေရာအသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့အားဖမ်းမိခဲ့ပြီးအခန်းအတွင်းစိတ်ကြွဆေးပြားများကိုလည်းတွေ့ရှိသည့်ဟုမှုခင်းမှတ်တမ်းတွင်ဖော်ပြသည်။

ဖမ်းဆီးရမိပြီးချိန်တွင် သေနတ်အားလမ်းဘေးမြောင်းထဲစမ်းပြီးထိုးပစ်ချိန်တွင် ကျည်ထွက်ခဲ့သည်ဟုအုန်းတောလမ်းဆုံအနီးရှိအငှားယာဉ်မောင်းများကပြောသည်။

ညနေ ၆ နာခွဲခန့်အချိန်တွင် ထိုနေရာတွင် အရပ်ဝတ်နှင့် လူ ၂ ဦးကမြောင်းကို ဆွပြီးရှာနေသည်။

ရဲတပ်ဖွဲဝင် ထွန်းယိန်းသေနတ်ထိမှန်ခဲ့သည့် နေရာအနီးတွင် လူများဟိုတစ်စုဒီတစ်စု၊ မျက်မြင်များကအခြားသူများကိုဖောက်သည်ချနေသည်။

အမျိုးသားတစ်ဦးကမူနားထောင်ရင်း “ကြက်သီးတောင်ထတယ်”ဟုပြောပြီးစကားဝိုင်းထဲမှ ထွက်သွားသည်။

ထိုအချိန်တွင်  ထားဝယ်ဆေးရုံးကြီးမှ ရင်ခွဲရုံတံခါးသည် ပိတ်ချည် ဖွင့်ချည်။

ရင်ခွဲရုံတာဝန်ရှိသူများဝင်လိုက်ထွက်လိုက်။

မှောင်ရိပ်စိုးလာသည့် ရင်ခွဲရုံရှေ့တွင် တရားခံပြေးဖမ်းရာတွင် ပါခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကဒေါသထွက် ပေါက်ကွဲသံဖြင့် မိတ်ဆွေအမျိုးသမီးများအားခပ်တိုးတိုးဖွင့်ဟနေသည်။

“စခန်းမှာတုန်းကတရားခံဖမ်းထွက်မယ်လို့ပဲသိထားတာ။ ဘယ်လိုတရားခံကိုဖမ်းရမယ်ဆိုတာတောင်မသိဘူး”

ဖမ်းမိသော တရားခံများ၊ အလယ်လူမှာ သီဟနိုင်ဖြစ်သည်။ ဓာတ်ပုံ - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ဖမ်းမိသော တရားခံများ၊ အလယ်လူမှာ သီဟနိုင်ဖြစ်သည်။ ဓာတ်ပုံ – မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အစိုးရသက်တမ်းအတွင်း မူးယစ်ဆေးဝါးပပျောက်ရေးကိစ္စ ဦးစားပေးဆောင်ရွက်မည်ဟုပြောဆိုခဲ့ပြီးရက်ပေါင်း ၂၀ ခန့်အကြာတွင် ထားဝယ်မြို့လယ်တွင် သေနတ်ဖောက်သံညံ၊ သွေးစွန်းခဲ့သည်။

လူအင်အားမလုံလောက်မှု၊ လက်နက်နှင့် အတတ်ပညာချို့တဲ့မှု တို့ဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုဥရောပသမဂ္ဂက သင်တန်းပေးခဲ့သော်လည်း အမှုအခင်းများကိုင်တွယ်ရာတွင် ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။ ယမန်နှစ်ကလက်ပံတန်းမြို့တွင် ကျောင်းသားသပိတ်ကိုကိုင်တွယ်ပုံမှာပြောစမှတ်ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မတ်လကလည်း ထားဝယ်မြို့ပေါ်ရှိအအေးခန်းစက်ရုံတစ်ခု အလုပ်သမားပဋိပက္ခ နှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ကရိုက်နက်သဖြင့် အလုပ်သမားတစ်ဦးသေဆုံးခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ထားဝယ်မြို့ မြို့ပတ်လမ်းရှိနေအိမ်တွင် မူးယစ်ဆေးဝါးဝင်ရောက်ဖမ်းဆီးရာမှ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ဆန်များဖမ်းမိခဲ့ဖူးသည်။ ယင်းအချိန်ကတည်းကခေါင်းလောင်းသံသည် ယခုတော့ အချက်ပေးသံသက်သက်မဟုတ်တော့။ အသက် ၂၇ဝန်းကျင်သာရှိနိုင်သေးသောအိမ်ထောင်ရှင် တပ်သားထွန်းယိန်း၏ အသက် ကို နှုတ်ယူသွားပြီဖြစ်သည်။

ရင်ခွဲရုံကုတင်ပေါ်တွင် တပ်သားထွန်းယိန်း၏ ခန္ဓာအား ပြန်ချုပ်ရန် ရင်ခွဲရုံတာဝန်ရှိသူများက ပြင်နေသည်။

ရဲအရာရှိတစ်ဦးကကျည်တွေ့ကြောင်းစခန်းကိုသတင်းပို့နေသည်။

အခြားတပ်ဖွဲ့ဝင်များကသွေးစွန်းနေသည့် ကျည်ဖူးအားမှတ်တမ်းတင်နေသည်။ ရင်ခွဲရုံရှေ့မှ ရဲတပ်သား၏ ပေါက်ကွဲသံစဉ်မှာမပြီးသေး။

“လိုက်ဖမ်းတဲ့ သူတွေ အကုန်လုံးသေမှာ၊ နောင်လည်းသေကြဦးမှာပဲ။ သေနတ်ကိုင်ထားတဲ့ တရားခံဖမ်းတာနံပါတ်တုတ်လေးတစ်ချောင်းနဲ့ လိုက်ဖမ်းနေရတာ”

တပ်သားထွန်းယိန်း၏ အလောင်းကိုမီးရှို့သင်္ဂြုလ်ကာဇာတိမြေသို့ ပို့ဆောင်မည် ဖြစ်သည်။ သူ၏ ဇာတိမြေချင်းတောင်တန်း ပလက်ဝမြို့မှ ဆွေမျိုးသားချင်းများကသူ့အရိုးပြာကိုစောင့်နေပါလိမ့်မည်။

အမြစ်တွယ်မူးယစ်ဂိုဏ်းများကိုဖမ်းဆီးရေး ထားဝယ်မြို့ဖြစ်ရပ်ထက် ပိုခက်သောအမှုအခင်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုစောင့်နေပါလိမ့်မည်။