ရဲတပ်သားကို သတ်သွားတဲ့ ပင်မ လူသတ်သမား

0
1206

ထားဝယ်သုသာန်ဝင်းထဲ ဂီတာသံ နှင့်အတူ ချင်းဘာသာ ခရစ်ဓမ္မတေး သံပြိုင်သီဆိုသံများ လွင့်ပျံ့နေသည်။ ဈာပနပရိသတ်က ရာထောင်ချီ၏။ဈာပန ပရိသတ်အလယ်တွင် နိုင်ငံ တော်အလံ အုပ်လွှမ်းထားသော ရုပ် ကလာပ်တစ်ခု။


မေလ ၁၄ ရက်နေ့ ထားဝယ်မြို့ လယ်ခေါင် မူးယစ်ဝရမ်းပြေးဖမ်းပွဲမှ ကျ ဆုံးခဲ့ရသော ရဲတပ်သား ထွန်းယိန်း၏ အသက်မဲ့ခန္ဓာ ထိုရုပ်ကလာပ်ထဲတွင် ခရစ်တော်၌ အိပ်ပျော်နေပါသည်။ဈာပန ပရိသတ်ထဲတွင် တနင်္သာရီ တိုင်းဒေသကြီး၏ နယ်လုံဝန်ကြီး၊ တိုင်း ရင်းသားဝန်ကြီးနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာန၊ အဖွဲ့အသင်း အသီးသီးမှ တာဝန်ရှိသူများပါဝင်နေမှုက တိုင်းအဆင့် ဈာပနအခမ်းအနားတစ်ခုဖြစ်ကြောင်း သက်သေထူနေသည်။

real_murderer_dawei
ချင်းပြည်နယ်သူလေး (မ)ကံလွဲ မျက်ရည် မကျပါ။ တိုင်းအစိုးရဖွဲ့၊ တိုင်းခရိုင်မြို့နယ် ရဲတပ်ဖွဲ့ ဂုဏ်ပြုပန်းခွေများ စီရရီဝန်းရံ ထားသည့် ခင်ပွန်း၏အလောင်းကို စိုက် ကြည့်နေသည်။

ယင်းသို့ စိုက်ကြည့်ခွင့် ရရန် နိုင်ငံ့အနောက်မြောက်ဖျား ချင်းပြည် နယ်မှ နိုင်ငံ့တောင်ဖျား တနင်္သာရီတိုင်း မြို့တော် ထားဝယ်သို့ ဆိုင်ကယ်၊ ကား၊ လေယာဉ်တို့ဖြင့် မိုင် ၁၀၀၀ ကျော်ခရီးကို ဖြတ်ကျော်ခဲ့ရ၏။
” စကြားတော့လေ..၊ ထမင်းကြမ်း မစားဖြစ်တော့ဘူး..”  ဟု (မ)ကံလွဲက တိုင်းရင်းသံဝဲဝဲဖြင့်ဆို့ဆို့နစ်နစ် ပြောပါ သည်။

သတင်းစကြားသည့် မေ ၁၄ ရက် ညမှစ ၃ ရက်နှင့် ၃ ည တိုင်တိုင် ခရီး ပြင်းနှင်ခဲ့သော မကံလွဲ ထားဝယ်ရောက် သောအခါ ခင်ပွန်းသည်၏ ဈာပနကို ဂုဏ်သရေရှိစွာ ပြင်ဆင်ပေးထားပြီး အရေးတယူ သတင်းလာမေးကြသည်ကို  တွေ့ရ၍ ကျေနပ်မိကြောင်းဖွင့်ဟ၏။

တိုင်းဝန်ကြီး ချုပ်မှအစ ရင်းနှီးကျွမ်းဝင် ခြင်း မရှိလှသူများပါမကျန် ကျောင်းတိုက် တွင်းသို့ ဝင်ရောက် ဂုဏ်ပြုနှစ်သိမ့်ကြ၏။

သုသာန်သို့ မသယ်ဆောင်ခင်က ရုပ်ကလပ်အား ဇဗ္ဗူသီရိနာရေးကူညီမှု အသင်းရုံးစိုက်ရာ ဘုရားကြီးတိုက် ကျောင်းတွင် ထားခဲ့သည်။ ကျောင်း အဝင်ဝတွင် ရဲတပ်သား ထွန်းယိန်း၏ ဗွီနိုင်းပုံကြီးအား ချိတ်ဆွဲထား၏။

” လ-၂၅၀၄၆၃ ရဲတပ်သား ထွန်း ယိန်း (၁၄-၅-၂၀၁၆) ရက်နေ့ (၁၆း၅၀)အချိန်တွင် လက်နက်ကိုင် မူးယစ်ဆေးဝါး တရားခံပြေးအား ရွပ်ရွပ်ချွံချွံ ဖမ်းဆီး စဉ် ကျဆုံးသည်” ဟု ဗွီနိုင်းတွင် ကမ္ဗည်း ထိုးထား၏။ ရဲဘော် ထွန်းယိန်းသည် မူးယစ် တရားခံပြေး သီဟနိုင်အား အမှန်ပင် စွမ်းစွမ်းတမံ ဖမ်းဆီးခဲ့ကြောင်း မျက်မြင် တချို့က ထောက်ခံကြသည်။

တပ်သား ထွန်းယိန်း၏ ဈာပန။ ဓာတ်ပုံ - အောင်သူ/Dawei Watch
တပ်သား ထွန်းယိန်း၏ ဈာပန။ ဓာတ်ပုံ – အောင်သူ/Dawei Watch

ဖမ်းဆီးစဉ် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များနှင့် မျက်မြင်တချို့၏ ပြောပြချက် အရ သီဟနိုင် တည်းခိုနေထိုင်သည့် ပိန္နဲတောရပ်ကွက်နေအိမ်သို့ ဝင်စီးကြစဉ် က တပ်သားထွန်းယိန်းပါသည့် အဖွဲ့က အိမ်နောက်ဖေးမြောင်းကြား(ပိန္နဲတော ချောင်းကော)တွင် ပိတ်စောင့်ရန် တာဝန် ကျ၏။

မြောင်းကိုကျော်၍ ပြေးထွက် လာသော တရာခံပြေးသီဟနိုင်က ထွန်း ယိန်းတို့ကိုမြင်သောအခါ M-၃၂ ပစ္စတို  သေနတ်ဖြင့်လှမ်းပစ်၏။ ကျည်ဆံက ထွန်းယိန်းတို့ကို မထိသော်လည်း နောက် ဆုတ်ပြေးကြရ၏။

သီဟနိုင်က ထွန်း ယိန်းတို့ဆုတ်သည့်လမ်းကြားအတိုင်း အတင်းတိုးဝင်လာကာ သေနတ်ဖြင့် လှမ်းပစ်ပြန်၏။ ထွန်းယိန်းနှင့်အဖွဲ့ နောက်ပြန် (ပြေး)ဆုတ်ကာ အကာ အကွယ်ယူစဉ် သီဟနိုင်အား မျက်ခြေ ပြတ်သွား၏။

သတိကြီးကြီးဖြင့် ဝိုင်းရှာသောအခါ လမ်းကြားမှ ပြေးထွက်လာသော သီဟနိုင်ကို တွေ့သဖြင့်ထွန်းယိန်းက လက်ထိတ်ဖြင့် ပစ်ပေါက်၏။ သီဟနိုင် က သေနတ်ဖြင့် ပြန်ပစ်၏။ ကျည်ဆန်က မထွက်။ ပစ်လိုက်တိုင်း ချောက်ခနဲသာ မြည်တော့၏။ လမ်းကြားမှ ဆေးရုံလမ်းမ ပေါ် ပြေးတက်လာသော သီဟနိုင်အား ထွန်းယိန်းမှ နောက်မှ အတင်းပြေးလိုက် ၏။ မီသည်နှင့် လက်ကိုင်တုတ်ဖြင့် ရိုက် ၏။ အတင်းဝင်ပူးချူပ်၏။ နှစ်ယောက် စလုံးက ချွေးစိုရွှဲနေသဖြင့် သီဟနိုင် လွတ်ထွက်သောအခါ နောက်သို့အနီး ကပ် လှည့်ပစ်လိုက်၏။

ကံဆိုးလှပေသည်။ ခဏခဏ ဂျန်း နေသည့်သေနတ်က ဤတစ်ကြိမ် ကျည် ထွက်လာပြီး ထွန်းယိန်း၏ လက်မောင်းမှ တစ်ဆင့် အဆုတ်ကိုဖြတ်ကာ ခါးရိုးတွင် စိုက်ဝင်သွားတော့၏။” ဒီလကုန်ရင် ကျွန်မနဲ့ သားလေးကို ထားဝယ်ခေါ်ထားမယ်လို့ သူကတိပေး ထားတယ်ရှင့်”  ဟု ထွန်းယိန်း၏ ဇနီး (မ)ကံလွဲက ပြောပါသည်။

ခုတော့ လမကုန်ခင်ပင် (မ)ကံလွဲ ထားဝယ် ရောက်ခဲ့ရလေပြီ။ ထွန်းယိန်း ကို တွေ့ခွင့်ရလေပြီ။ သို့သော် မူးယစ် တရားခံပြေးတစ်ဦးက ထွန်းယိန်းအသက် ကို နှုတ်ယူသွားလေပြီ။

ယင်းတရားခံပြေး သီဟနိုင်အား ချုပ်ရက်ရမန်ယူရန် မေလ ၁၆ ရက် ရုံးထုတ်စဉ် တွေ့ရပုံမှာ သာမန်အနေ အထားသို့ မရောက်သေး။ အခင်းဖြစ် သည့်နေ့က စိတ်ကြွရူးသွပ် ဆေးပြား အလွန်အကျွံ ( ၈ လုံး ) သုံးစွဲ ထားမိကြောင်း သူကိုယ်တိုင် တီးတိုး ဖွင့်ဟနေ၏။ (ပုံမှန်အားဖြင့် ဆေးသုံးစွဲသူများမှာ တစ်ခြမ်းမှ တစ်လုံးအထိသာ သုံးလေ့ ရှိသည်။)

နေ့ခင်းကြောင်တောင် မြို့လယ် ခေါင်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့် အနီးကပ် ပစ်ပြီးနောက် ကိုယ့်နားထင်ကိုယ် (ခဏခဏ)ပြန်ပစ် သည့် လူတစ်ဦး၏ စိတ်သည် သာမန် အနေအထားတွင် မရှိနိုင်ဟု မေးမြန်း သူတိုင်းက ဖြေဆိုကြသည်။
ရဲတပ်သား ထွန်းယိန်းကိုသတ်သည့် ပင်မ တရားခံသည် မူယစ်ဆေးဝါးပင် ဖြစ်ကြောင်း ကောက်ချက်ချကြ၏။

ထားဝယ်မြို့တွင် မူးယစ်တရားခံပြေးကို ဖမ်းဆီးရင်း ရဲတပ်သားတစ်ဦးလည်း အသက်ပေးခဲ့ရသည်။ ဓာတ်ပုံ - အောင်သူ/Dawei Watch
 ဓာတ်ပုံ – အောင်သူ/Dawei Watch

ကံကြမ္မာသည် ဆန်းကျယ်လေစွ..။ မူးယစ်တရားခံပြေးအားဖမ်းဆီးရင်း ကျ ဆုံးခဲ့သည့် ထွန်းယိန်းနှင့် ၃ နှစ်သား ကလေးမိခင် မုဆိုးမလေး (မ)ကံလွဲတို့ ဇာတိ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု တတိယအများဆုံးပြည် နယ် ဖြစ်နေပါသည်။

သူ့ပြည်နယ်မှ စိုက်ပျိုးရောင်းချ လိုက်မှု တစ်စိတ်တစ်ဒေသ ပါဝင်သော ဘိန်း(မူးယစ်ဆေး) များကို တနင်္သာရီ တိုင်း ထားဝယ်မြို့တွင် သူပြန်ဖမ်းဆီး ရင်း အသက်ပေးသွားရခြင်းဟု ဆိုနိုင် ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး(  UN Office on Drugs and Crime – UNODC )၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာအရ မြန်မာ့ဘိန်း ထွက်ရှိနှုန်းသည်  အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယအဖြစ် တည်ရှိဆဲ..။ရှမ်း၊ ကချင်၊ ချင်းနှင့် ကယား ပြည်နယ်တို့တွင် စိုက်ပျိုးကြပြီး ၂၀၁၅ တွင် ဧကပေါင်း တစ်သိန်းလေးသောင်း နီးပါးစိုက်ပျိုးခဲ့ကြောင်း (UNODC ) အစီရင်ခံစာက ဆိုပါသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၅ နှစ်ကျော် ၁၉၉၉ မှသည် ၂၀၁၅ အထိ ဘိန်းပပျောက်ရေးစီမံကိန်းများ လုပ် ဆောင်ခဲ့သော်လည်း မအောင်မြင်။ ယင်း စီမံကိန်းအား နောက်ထပ် ၅ နှစ် သက် တမ်းတိုး လုပ်ဆောင်နေသော်လည်း တစ် နှစ်ထက်တစ်နှစ် ဘိန်းစိုက်ပျိုးမှု နှုန်းမြင့် လာနေဆဲဟု  အစီရင်ခံက ဖော်ပြ၏။

” တနင်္သာရီတိုင်းက ဘိန်းမစိုက် ပေမယ့် မူးယစ်ဆေးစားကျက်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေပြီ” ဟု အမည်မဖော် လိုသည့် တိုင်းတွင်း ပြည်ထဲရေးဌာန ဝန်ထမ်းတစ်ဦးက သုံးသပ်ပါသည်။

တနင်္သာရီတိုင်းတွင်း၌ ၂၀၁၄ ခုနှစ် အတွင်း မူးယစ်ဆေးဝါးမှု ၂၃၄ မှု၊ ၂၀၁၅ ခု နှစ်ဝက်အတွက် ၁၄၁ မှု ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ဖြေကြား ခဲ့ဖူး၏။ ၂၀၁၅ နှစ်နှောင်းပိုင်းအတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုးအထိ စံချိန်တင် ဖမ်းဆီး ရမှုများက အထက်ပါ သုံးသပ်ချက်ကို သက်သေခံနေ၏။

ယင်းမူးယစ်ဆေးနှင့် ဆက်နွှယ် ဆုံးရှုံးပျက်စီးသွားသည့် လူမှုဘ၀ များစွာ ရှိနေပါသည်။ ထောင်ထဲတွင် မူးယစ် ဆေးဝါး၏ သားကောင်များ ဒုနှင့် ဒေး..။ ယခု မြို့လယ်ခေါင်အထိ တက်လာပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး လူမြင်ကွင်းရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရ သည်အထိ ဖြစ်ခဲ့ရလေပြီ..။

” ဒီလို အဖြစ်ဆိုးမျိုး ထားဝယ်မှာ တခါမှ မကြားခဲဖူးပါဘူး၊ ဟိုအရင် သူပုန် ထစဉ်တုန်းကတောင် ဒါမျိုး မဖြစ်ဖူးဘူး” ဟု ခရစ်ယာန်တရားဟော ဆရာကဈာပန အခမ်းအနားတွင် ဖွင့်ဟပါသည်။

ယင်းလက်နက်နှင့် မူးယစ်ဆေး ပူးနွှယ်မှုကိစ္စသည် လွန်ခဲ့သော နှစ်ဆန်း ပိုင်းကတည်းက ရဲတပ်ဖွဲ့အား သံချောင်း ခေါက်ထားပြီး ဖြစ်သည်။ သီဟနိုင်၏ ဥတ္တရံရပ်ကွက် မြို့ ပတ်လမ်းနေအိမ်အား ဇန်နဝါရီလ ၂၀ ရက်နေ့ ဝင်ရောက်ဖမ်းဆီးစဉ် ကတည်းက (သီဟနိုင်၏ဇနီးဖြစ်နိုင်သူ) အမျိုးသမီး နှင့်အဖွဲ့အား မူးယစ်ဆေးဝါးများနှင့် အတူ COLT 45  အော်တိုပစ္စတိုတစ် လက် ရှာဖွေသိမ်းဆည်းမိခဲ့ဖူး၏။

သီဟနိုင်က လွတ်မြောက်သွား၏။

ယခု မေလ ၁၄ ရက်နေ့ မူးယစ် တရားခံပြေး သီဟနိုင်အား သွားရောက် ဖမ်းဆီးမည့်ကိစ္စ ပွင့်လင်းစွာ မသိရဟု ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်သား တစ်ချို့ ရင်ဖွင့်ကြသည်။ ကျဆုံးတပ် သား ထွန်းယိန်းအပါအဝင် ရဲဘော် အတော်များများ ကြိုတင်ပြင်ဆင်မှု လုပ်ခွင့်မရဟု ဆိုကြ၏။ထို့အတူ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးမှ လည်း သေနတ်တစ်ချက်မျှ ပစ်ဖောက်ခွင့် မရ။

” ကျွန်တော်တို့မှာ သေနတ်တွေပါ ပေမယ့် တစ်ချက် ပစ်လိုက်ရင် ကျည် ၉ လုံး ဖျာထွက်တဲ့ သေနတ်တွေဆိုတော့ မြို့ထဲရပ်ထဲ ပစ်ခွင့် မသာလိုက်ဘူး” ဟု မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဈာပနအခမ်းအနားသို့ လာရောက်သည့် တိုင်းလွှတ်တော် ကိုယ် စားလှယ်များအား ရှင်းပြနေပါသည်။

ယခု လောလောဆယ်တွင်မူ အိမ်ထောင်ကျပြီးကာစ ၂၀၁၂ မှ ရဲတပ် ဖွဲ့ထဲ စဝင်ခဲ့ပြီး ထားဝယ်တွင်လာရောက် တာဝန်ထမ်းသည်မှာ ၄ လခန့်သာ ရှိသေးသော ရဲတပ်သား ထွန်းယိန်း၏ အသက်ကို စတေးလိုက်ရလေပြီ..။

ရဲဌာနချုပ်မှ ချီးမြင့်သော ဂုဏ်ပြု ငွေ ၁၀ သိန်းအပါအဝင် တိုင်းတွင်း ဌာန၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့အသီး သီးမှ လှူဒါန်းသည့် သိန်း ၅၀ ကျော် သော ငွေကြေးတို့က (မ)ကံလွဲတို့ သား အမိ၏ ဘ၀ နောင်ရေးအတွက် နှစ်သိမ့် ဆု..။

” ကျွန်မသားလေးကို ဆယ်တန်း ရောက်အောင်ထိတော့ ထားချင်တယ် ” ဟု ပူပူနွေးနွေး မုဆိုးမလေးက ဆိုပါ သည်။

ပင်စင်ဌာနက မည်သို့တွက်ချက် ချီးမြင့်မည်ကို မည်သူမျှ တတ်အပ် မပြောရဲသေးမီတွင် ထားဝယ်သုသာန် အတွင်းမှ အမိန့်ပြန်သံထွက်လာပါသည်။

” သင်သည် ဘ၀တပါးသို့ ကူး ပြောင်းသွားပြီဖြစ်သဖြင့် သင့်အား ထား ဝယ်မြို့နယ် ရဲတပ်ဖွဲ့ အမည်စာရင်းမှ ပယ်ဖျက်လိုက်သည်”

“မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသဖြင့် သင်သွားလို ရာသို့ သွားနိုင်ပြီ”

မီးသင်္ဂြိုလ်စက်ခေါင်းတိုင်မှ ထွက် လာသည့် မီးခိုးငွေ့များအား မော့ကြည့် လိုက်ပြီးချိန်တွင် တစ်ချိန်လုံး အံကြိတ် ထားသည့် (မ)ကံလွဲထံမှ ရှိုက်သံသက် သက် ထွက်လာလေသည်။